Saturday, August 9, 2008

သမိုင်းဝင်ဘုရားများ

ပျဉ်းမနားမြို့ရှိ သမိုင်းဝင်ဘုရားများ

၁။ စူဠာမုနိစေတီတော်

နေရောင်ပြအင်း အနောက်ဘက်တွင် တည်ရှိပြီး လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က
ပုဂံ အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သည်။

၂။ ဘုရားကိုးဆူစေတီတော်

ဘုရားကိုးဆူစေတီတော်သည် ရှမ်းကန်၏အရှေ့တောင်ဒေါင့်တွင် တည်ရှိသည်။ပျဉ်းမနားမြို့ တည်စဉ်က
တည်ထားခဲ့သော ဘုရားဖြစ်သည်။၁၃၀၄ခုနှစ်၊အောက်တိုဘာလ(၈)ရက်နေ့တွင် ဥာဏ်တော်(၉)မိုက်
(၄.၅ပေ)စီ ရှိသောဘုရား(၉)ဆူကို ဘုရားဒါယကာ ဦးရွှေတုတ်နှင့်အပေါင်းအပါ များက တည်ထား
ကိုးကွယ်ခဲ့သည်။

၃။ လေခွင်းတောင် ဘုရား

ပျဉ်းမနားမြို့ အရှေ့မြောက်(၈)မိုင်ခန့်အကွာ၊ ပေါင်းလောင်းမြစ်ကမ်းဘေးရှိ လေခွင်းတောင်ပေါ်တွင်
တည်ရှိသည်။ ၁၅၉၈ခုနှစ်တွင် ဘုန်းတော်ကြီး ခင်ကြီးဖြူ မှ မျက်နှာကိုးဘက်ရှိ ကိုးမုတ်ပြန်စေတီကို
တည်ထားကိုကွယ်ခဲ့သည်။ လေခွင်းတောင်ကို အစွဲပြုပြီး လေခွင်းတောင်စေတီဟုအသိများသည်။
၁၈၃၅ခုနှစ်တွင် ရေဆင်းရွှေကျောင်းဆရာတော် မုနိန္ဒဓဇ က ကြေးချိန်(၁၀၀)ရှိခေါင်းလောင်းကိုပူဖော်
ခဲ့သည်။

၎။ လောကမာရဇိန် ဘုရား

ဘူတာရုံ၏ အနောက်ဘက်တွင် တည်ရှိသည်။ဆင်ဝန်ဦးဖိုးမောင်သည် မင်းတုန်းမင်း၏ တာဝန်ပေးအပ်ချက်
အရ တည်ထားခဲ့ပြီး၊ ၁၈၇၃ ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် ရွှေထီးတော် တင်လှု ပူဇော်ကိုးကွယ်ခဲ့ပါ
သည်။အနိမ့်ဘူရား ဟု လည်းသိကြပါသည်။

၅။ လောကရန်နှိမ် ဘုရား

လောကမာရဇိန် ဘုရားအနီးတွင်တည်ရှိပါသည်။အမြင့်ဘုရား ဟုလည်းခေါ်ပါသည်။ လက်ဝဲ၀င်းတော်မှူး၊ မြင်းစုကြီး
ဝန်မင်းကြီးဦးဆောင်ပြီး၊မြို့နေလူထုတို့က တည်ထားကာ၊ ၁၈၈၃ ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့တွင် ရွှေထီးတော်
တင်လှု ပူဇော် ကိုးကွယ်ခဲ့ပါသည်။

၆။ ဆင်ဖြူတောင်ဘုရား၊ ကိုးခမ်းကြီးဘုရားနှင့်တန်ဆောင်း

ပျဉ်းမနားမြို့ အရှေ့ဘက်(၇)မိုင်ခန့်အကွာ ပေါင်းလောင်းမြစ် အရှေ့ဘက်ကမ်းရှိ ဆင်ဖြူတောင်ပေါ်တွင်ဥာဏ်တော်
(၁၅)ပေခန့်မြင့်သည့် ဆင်ဖြူတောင်ဘုရား တည်ရှိပါသည်။
ဆင်ဖြူတောင်ခြေရင်းတွင်၊ ရသေ့ကြီး ဦးခန္ဓီ သည် သစ်ကုန်သည် သူဌေးကြီး ဦးလန်း သုဌေးကတော် ဒေါ်မမလေး
တို့အား ဘုရားဒါယကာ ပြုစေလျှက် ၁၉၃၁ခုနှစ်၊ဧပြီလ(၃၀)ရက်နေ့တွင် ကိုးခန်းကြီးဘုရားနှင့် တန်ဆောင်းတို့ကို
စတင်တည်ထားကိုးကွယ်ခဲ့ပါသည်။

၇။ ကိုးခမ်းကြီးဘုရားနှင့်တန်ဆောင်း

သူဌေးကြီးဦးလန်း နှင့်သူဌေးကတော် ဒေါ်မမလေး တို့သည် လေကရန်နှိမ်စေတီ အရှေ့မြောက်ဘက်ရှိ မြေကွက်လပ်
ကို ၀ယ်ယူပြီး ၁၄၀ ပေ ပတ်လည်ရှိ ကိုးခမ်းကြီးတန်ဆောင်း အား ၁၉၃၅ခု၊ ဇန္န၀ါရီလ(၅)ရက်နေ့တွင်ဆောက်လုပ်ကာ
ကြေးချိန် (၃၅၅၀)ပိသာရှိ ကိုးခမ်းကြီးဘုရား သွန်းလုပ်ပူဇော်ခဲ့ပါသည်။

No comments: